အပျိုလူပျိုဖော်ဝင်စောခြင်းနှင့် နောက်ကျခြင်း
အပျိုလူပျိုဖော်ဝင်တယ်ဆိုတာ ကလေးရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းတွေကြောင့် များပြားလှစွာသောပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာပြီး လူကြီးတစ်ယောက်ဖြစ်ဖို့ အစပျိုးနေတာဖြစ်ပါတယ်။ အရိုးနှင့် ကြွက်သားတွေ လျှင်မြန်စွာကြီးထွားခြင်း၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် အချိုးအစား သိသိသာသာ ပြောင်းလဲခြင်း၊ မျိုးပွားနိုင်ရန်လိုအပ်တဲ့ အင်္ဂါများဖွံ့ဖြိုးကြီးထွားခြင်းများဖြစ်ပါတယ်။
မိန်းကလေးတွေမှာ အသက် ၈ နှစ်နှင့် ၁၃ နှစ်ကြား၊ ယောကျာ်းလေးတွေမှာ အသက် ၉ နှစ်နှင့် ၁၄ နှစ်ကြားမှာ ပုံမှန် အပျိုလူပျိုဖော်ဝင်လေ့ရှိပါတယ်။ သိသာထင်ရှားတဲ့ လက္ခဏာများကတော့ မိန်းးကလေးတွေမှာ ရင်သားစတင်ကြီးထွားလာခြင်းနှင့် ရာသီသွေးစပေါ်ခြင်းဖြစ်ပြီး ယောကျာ်းလေးတွေမှာတော့ ဝှေးစေ့၊ လိင်တံနှင့် ကြွက်သားများ ကြီးထွားလာခြင်းများဖြစ်ပါတယ်။
ကျားနှင့်မ မတူဘဲ ထုတ်လုပ်တဲ့ဟော်မုန်း အနည်းအများပေါ်မူတည်ကွဲပြားပါတယ်။ တက်စတိုစတီရုန်း( အမျိုးသားဟော်မုန်း)ဟာ အမျိုးသားဆန်မှုကို ဖြစ်စေပြီး အီစထရိုဂျင်(မဟော်မုန်း)ကတော့ အမျိုးသမီးဆန်မှုကို ဖြစ်စေပါတယ်။
- ခန္ဓာကိုယ် အချိုးအစား သိသိသာသာ ပြောင်းလဲလာတာ၊ ပုခုံးတွေကျယ်လာတာ၊ တင်ပါးဆုံကွင်းကျယ်လာတာ
- ရုတ်တရက်အရပ်ရှည်ထွက်လာတာ
- ရင်သားဆက်လက်ကြီးထွားလာတာ
- ဝှေးစေ့နှင့် လိင်တံကြီးထွားလာတာ
- ဝက်ခြံထွက်တတ်လာတာ
- ချိုင်းနှင့်ဆီးစပ်တဝိုက် အမွှေးအမျှင်တွေထွက်လာတာ
- အသံနှင့် ခန္ဓာကိုယ်အနံ့ ပြောင်းလာတာတွေ ဖြစ်ပါတယ်။
အပျိုလူပျိုဖော်ဝင်စောခြင်း
မိန်းကလေးတွေမှာ အသက် ၈ နှစ်နှင့် ယောကျာ်းလေးတွေမှာ အသက် ၉ နှစ်မတိုင်မီ ဒီလိုပြောင်းလဲခြင်းတွေ စဖြစ်နေရင် အပျိုလူပျိုဖော်ဝင်စောတယ်လို့ သတ်မှတ်နိုင်ပါတယ်။ မိန်းကလေးတွေမှာ ယောကျာ်းလေးတွေထက်ပိုဖြစ်ပါတယ်။ ဘာကြောင့် စောဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း အတိအကျတော့ မရှိပါဘူး။
ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့
- မျိုးရိုးလိုက်ခြင်း
- အဝလွန်ခြင်း
- ဟော်မုန်းရောဂါများဖြစ်ခြင်း
- ဦးနှောက်တွင် ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ထားခြင်း
- ရောဂါများကြောင့် ဓာတ်ရောင်ခြည်ကုထုံးခံယူထားခြင်း
- မျိုးဥအိမ်အရည်အိတ်တည်ခြင်းနှင့် ကင်ဆာဖြစ်ခြင်း
- သိုင်းရွိုက်ဂလင်းရောဂါရှိခြင်း
- ဟော်မုန်းပါသော လိမ်းဆေးသောက်ဆေးများကြောင့် အပျိုဖော်လူပျိုဖော်ဝင် စောစေတတ်ပါတယ်။
အပျိုလူပျိုစဖြစ်တဲ့ လက္ခဏာတွေအပြင် အခြားထူးခြားတဲ့ ရောဂါလက္ခဏာတွေတော့ မရှိတတ်ပါဘူး။
အပျိုဖော်လူပျိုဖော်ဝင်စောခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ?
- အရပ်ပုခြင်း
အပျိုဖော်လူပျိုဖော်ဝင်တဲ့အခါ ရုတ်တရက် အရပ်ရှည်ထွက်လာတာကြောင့် အစပိုင်းမှာ ရွယ်တူအပေါင်းအသင်းတွေကြား ပိုထွားနေတတ်ပါတယ်။ ဒါပေမယ့် အရိုးတွေက ပုံမှန်ထက် စောပြီးရင့်သွားတဲ့အတွက် ကလေးဘဝကလိုအရိုးကြီးထွားရှည်ထွက်မှုမဖြစ်တော့ဘဲ စောစီးစွာ ရပ်တန့်သွားပါတော့တယ်။ ကလေးက လိုအပ်သလို ဆေးကုသမှုခံယူမထားရင် ပုံမှန်ရှိရမယ့်အရပ်ထက် ပုစေပါတယ်။ ဆေးကုသပြီး အပျိုလူပျိုဖော်အဝင်နှေးစေရင် ပုံမှန်အရပ်အတိုင်းဖြစ်စေနိုင်ပါတယ်။
- လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ
ကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ရာသီလာနေတာ၊ ရွယ်တူအပေါင်းအသင်းတွေကြားပုံသဏ္ဍာန်ကွဲထွက်နေတာတို့ကြောင့် ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်ခြင်း၊ စိတ်ခံစားမှု အဆင်မပြေခြင်း၊ စိတ်ဖိစီးခြင်းများ၊ စိတ်သက်သာစေရန် နည်းလမ်းအလွဲများသုံးခြင်း၊ ဆေးစွဲခြင်းများအထိ ဖြစ်စေတတ်ပါတယ်။
အပျိုလူပျိုဖော်ဝင်စောနေရင် သွေးတွင်းဟော်မုန်းစစ်ခြင်း၊ အရိုးဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ သံလိုက်လှိုင်းဓာတ်မှန်ရိုက်ခြင်းများ ဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။ မူလအကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်ရင်တော့ ရောဂါကို ကုသသင့်ပါတယ်။ ရောဂါအခံတစ်ခုခုမရှိပေမယ့် ကလေးစိတ်ခံစားမှုနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြဿနာများရှိရင် ဟော်မုန်းထိန်းဆေးများသုံးခြင်းဖြင့် တားဆီးနိုင်ပါတယ်။
အပျိုလူပျိုဖော်ဝင်နောက်ကျခြင်း
မိန်းကလေးတွေမှာ အသက် ၁၃ နှစ်နောက်ပိုင်းမှာ ရင်သားစတင်ကြီးထွားမှုမရှိရင်၊ ရင်သားဖွံ့ဖြိုးကြီးထွားသော်လည်း အသက် ၁၅ နှစ်ကျော်တဲ့အထိ ရာသီမလာသေးရင် အပျိုဖော်ဝင်နောက်ကျတာပါ။ ယောကျာ်းလေးတွေမှာ အသက် ၁၄ နှစ်ကျော်တဲ့ အထိ ဝှေးစေ့၊ လိင်တံကြီးထွားလာခြင်းမရှိရင် လူပျိုဖော်ဝင်နောက်ကျတာဖြစ်ပါတယ်။ ယောကျာ်းလေးတွေမှာ ပိုအဖြစ်များပါတယ်။
ဘာကြောင့် နောက်ကျနေသလဲဆိုတဲ့ တိကျတဲ့အကြောင်းအရင်းမရှိပေမယ့် မျိုးရိုးလိုက်ခြင်းကြောင့်တော့ ပိုဖြစ်ပါတယ်။
- အာဟာရမပြည့်ဝခြင်း၊ အစားကြေးများခြင်း
- အားကစားလှုပ်ရှားမှုများသော မိန်းခလေးများ
- အူလမ်းကြောင်းရောဂါရှိခြင်း
- ရင်ကြပ်ခြင်းလိုမျိုး နာတာရှည်ရောဂါရှိခြင်း
- သွေးချိုဆီးချိုရှိခြင်း
- ကျောက်ကပ်ရောဂါရှိခြင်း
- မျိုးဥအိမ်၊ ဝှေးစေ့၊ သိုင်းရွိုက်ဂလင်း၊ ပီကျူထရီဂလင်းရောဂါနှင့်
- အခြားရှားပါးခရိုမိုဇုမ်းရောဂါများကြောင့် အပျိုလူပျိုဖော်ဝင်နောက်ကျစေပါတယ်။
အပေါင်းအသင်းကြားမှာ စိတ်ခံစားမှု အဆင်မပြေခြင်း၊ စိတ်ဖိစီးခြင်းအပြင် အခြားထူးခြားတဲ့ ရောဂါလက္ခဏာတွေတော့ မရှိတတ်ပါဘူး။
အပျိုလူပျိုဖော်ဝင်နောက်ကျမှုကို သွေးတွင်းဟော်မုန်းစစ်ခြင်း၊ အရိုးဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ သံလိုက်လှိုင်းဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။ မူလအကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်ရင်တော့ ရောဂါကို ကုသသင့်ပါတယ်။
ရောဂါအခံတစ်ခုခုမရှိရင် ကုသမှုမလိုအပ်ပါဘူး။ သာမာန်ထက် အနည်းငယ်နောက်ကျနေခြင်းမျိုးသာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အကြောင်း သိကောင်းစရာများရှင်းပြခြင်း၊ ကျန်းမာအောင်နေထိုင်ပြီး အသင်းအဖွဲ့လှုပ်ရှားမှုများလုပ်စေခြင်းဖြင့် စိတ်ဓာတ်မကျအောင် အားပေးထားနိုင်ပါတယ်။ လိုအပ်လာရင်တော့ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဟော်မုန်းအားဖြည့်ဆေးများသုံးနိုင်ပါတယ်။ ဟော်မုန်းဆိုင်ရာပြဿနာများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့် လွတ်လပ်စွာတိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်